ကျနော်ရေးသားနေသော အကြောင်းအရာတို့ကို လှေခါးထစ်သဖွယ် အသုံးချပြီး ဆိုင်ရာအောင်မြင်မှုပန်းတိုင်များဆီသို့ တက်လှမ်းနိုင်ကြပါစေ

Wednesday, June 17, 2015

ကျောင်းသားအများစု ကြောက်ကြပါသည်ဆိုသော Active / Passive

   
  Active voice နဲ့ Passive voice အပြန်အလှန် (Transformation) ကူးပြောင်းပုံက အခုဇယားမှာ ပြထားတဲ့ Form တွေကို အလွတ်ကျက်မှတ်ထားလိုက်ရင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာလို ပြောလိုက်တဲ့၊ ရေးလိုက်တဲ့ ဝါကျကို အင်္ဂလိပ်လို ဘယ်လိုပြန်ရေးမလဲ(သို့မဟုတ်) အင်္ဂလိပ်ဝါကျကို မြန်မာလို ဘယ်လိုပြန်ဆိုမလဲ ဆိုရင်တော့ ကံသံ၊ ကတ္တားသံ (Active voice & Passive voice) တွေကို နားလည်ထားရတော့မယ်။

        သူ့အင်္ဂလိပ်သဒ္ဒါမှာကိုက Voice (အသံ) ကို အဓိကထားပြီး ဖွင့်ဆိုထားတာဖြစ်တယ်။
Wren & Martin ပြုစုတဲ့ High School English Grammar & Composition ထဲက Active / Passive ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကိုးကားချင်ပါတယ်။ Def: "Voice is that form of a verb which shows whether what is denoted by the subject does something or has something done to it." တဲ့။ "(Voice ) အသံဆိုတာ

subject ကပဲ တစ်ခုခုကို ပြုမူလိုက်တာလား၊ တစ်ခုခုကပဲ subject ကို ပြုမူလိုက်တာလား ဆိုတာကို သတ်မှတ်လိုက်တဲ့ ကြိယာပုံစံပဲ"တဲ့။ Verb ရှေ့ကဖော်ပြမယ့် Subject သည် ပြုလုပ်တဲ့သူပဲဖြစ်ဖြစ် ပြုလုပ်ခြင်း ခံရတဲ့သူပဲဖြစ်ဖြစ် အင်္ဂလိပ်စာမှာ Subject လို့ ခေါ်တာပါပဲ။ အနက်ဖွင့်ဆိုချက်ဖတ်ရတာ နည်းနည်းရှုပ်သွားနိုင်တယ်။ ဥပမာလေးတွေနဲ့ ကြည့်ကြရအောင်။

 Kyaw Kyaw helps Mg Mg. (active သံ)
 Mg Mg is helped by Kyaw Kyaw. (passive သံ)

       ဒီနှစ်ကြောင်းလုံးက ဆိုလိုရင်းအဓိပ္ပါယ် အတူတူပဲ၊ "ဆိုလိုရင်းတူနေတာများ Active voice နဲ့ ရေးလို့ရရဲ့သားနဲ့ ဘာဖြစ်လို့ Passive voice ပြောင်းနေရသေးလဲ" လို့ တစ်ချို့ကလည်း မေးကြသေးတယ်။ ဘယ်ပုဒ်စုဟာ အလေးအနက်ထား ပြောဆိုရမယ့်ပုဒ်စုလည်းဆိုတာ နားလည်သွားရင်(တစ်နည်းအားဖြင့်) အသံတွေကို သဘောပေါက်သွားရင် ဒီမေးခွန်းက မေးစရာလိုတော့မှာ မဟုတ်ပါဘူး။ အဲဒီတော့ "ပြုလုပ်သူကို" အဓိကထားပြောဆိုချင်တယ်ဆိုရင် ကတ္တားသံ(Active voice)နဲ့ ပြောမယ်၊ ရေးမယ်။ အလေးထား ပြောဆိုချင်တာဟာ ပြုလုပ်သူဆောင်ရွက်လိုက်တဲ့ "အကြောင်းရင်း၊ အကျိုးရလဒ်" ဖြစ်တယ်ဆိုရင် ကံသံ(Passive voice)နဲ့ ပြောရမယ်၊ ရေးရမယ်။ ၉တန်း၊၁၀တန်းနဲ့ တက္ကသိုလ်ပညာသင်ကြားမှု တစ်လျှောက်လုံးမှာ အကြောင်းအရာနဲ့ အကျိုးရလဒ်ကိုပဲ အလေးပေးရေးသားနေတာဖြစ်လို့ sentence တော်တော်များများဟာ Passive form တွေချည်း ဖြစ်နေရတာပါပဲ။ "ကျော်ကျော်က မောင်မောင်ကို ကူညီတယ်။" ဆိုတဲ့သဘောက ကျော်ကျော်ရယ်၊ ဇော်ဇော်ရယ်၊ အောင်အောင်ရယ် သုံးယောက်ရှိတဲ့အထဲကမှ မောင်မောင်ကို ကူညီတဲ့သူဟာ (ကျော်ကျော်ပဲ )လို့ ဆိုလိုတာ။ ကျော်ကျော်ကို အဓိကထား ပြောတာ။ ကျန်တဲ့နှစ်ယောက်(က) မကူညီဘူးဆိုတဲ့ သဘောဆောင်တယ်။ မြန်မာဝါကျမှာ ကျော်ကျော်သည်/က လို့ (သည်/က နောက်ဆက်နဲ့) အစပြု ပြောဆို၊ ရေးသားလိုက်တာနဲ့ ကတ္တားကို အဓိကထားပြောဆိုလိုက်တဲ့ အသံထွက်သွားပြီး အင်္ဂလိပ်လို ပြန်ဆိုရေးသားဖို့ HELPS ဆိုတဲ့ ( Active voice form) ကို အသုံးပြုရပါတော့တယ်။ ဒါက ကတ္တားသံ။
 
      ကံသံထွက်တဲ့ ဒုတိယစာကြောင်းကို လေ့လာကြည့်ရအောင်။ "မောင်မောင်ကို ကျော်ကျော်က ကူညီတယ်။" ဆိုတဲ့သဘောက မောင်မောင်ရယ်၊ အောင်အောင်ရယ်၊ ဇော်ဇော်ရယ် သုံးယောက်ရှိတဲ့အထဲကမှ ကျော်ကျော်ကူညီတဲ့သူဟာ (မောင်မောင်ကိုပဲ) လို့ ဆိုလိုတာ။ မောင်မောင်ကို အဓိကထား ပြောတာ။ ကျန်တဲ့နှစ်ယောက်(ကို) မကူညီဘူးဆိုတဲ့ သဘောဆောင်တယ်။ မြန်မာဝါကျမှာ မောင်မောင်ကို/အား ဆိုပြီး (ကို/အား နောက်ဆက်နဲ့) အစပြု ပြောဆို၊ ရေးသားလိုက်တာနဲ့ ကံကို အဓိကထားပြောဆိုလိုက်တဲ့ အသံထွက်သွားပြီး အင်္ဂလိပ်လို ပြန်ဆိုရေးသားဖို့ IS HELPED ဆိုတဲ့ (Passive voice form) ကို သုံးရတော့တာပဲ။ ဒီဟာ ဟာ ကံသံပါ။

           အထက်ပါ စာပိုဒ်နှစ်ခုကို တစ်ခါဖတ်ရုံနဲ့ သဘောမပေါက်သေးရင် အထပ်ထပ် အခါခါ အသံထွက်ဖတ်ပြီး သေချာစဉ်းစားကြည့်ပါ။ ဆိုလိုရင်းကို သဘောကျ နှစ်ခြိုက်လာပါလိမ့်မယ်။ ဒီစာပိုဒ်နှစ်ခုက အလေးအနက်ထား ပြောဆိုတဲ့ ကံသံ၊ ကတ္တားသံတွေကို ပိုပြီးပေါ်လွင်စေချင်လို့သာ အခုလိုရေးပြရတာပါ။ သုံးယောက်ထဲကမှ တစ်ယောက်ကို ရွေးချယ်တာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ အလေးအနက်ထား ပြောကြားတဲ့အရာဟာ ပြုမူတဲ့သူပဲဖြစ်ဖြစ်၊ ပြုမူခံရတဲ့သူပဲဖြစ်ဖြစ် Subject နေရာမှာ ရေးရမယ်ဆိုတာ ပေါ်လွင်စေချင်တာပါ။ (ဒါကြောင့် တစ်ချို့ဆရာတွေက ပြောကြတာပေါ့၊ "Passive voice ဆိုရင် Object ရှေ့ပို့ " ဆိုပြီးတော့လေ။) ရှေ့ပို့ဆိုတာထက် Object ကို Subject နေရာကနေ ဖော်ပြရမယ် ဆိုရင် ပိုပြီး သင့်လျော်ပါလိမ့်မယ်။ Subject ဆိုတာရှေ့ဆုံးမှာချည်း အမြဲရှိနေတာ မဟုတ်ဘူးလေ။ 

          ကဲ…မြန်မာစကားအသုံးအနှုန်းလေးတွေနဲ့ပဲ ချဉ်းကပ်ကြည့်ရအောင်။ ဒီလို မြန်မာစကားနဲ့ ချဉ်းကပ်လိုက်လို့ အသံတွေကို သဘောပေါက်သွားရင် အင်္ဂလိပ်စာကို ကူးပြောင်းဖို့အတွက် သင့်တော်ရာ Tense အလိုက် Be+Verb3 ဆိုတဲ့ပုံစံနဲ့ အစားထိုးလိုက်ရင် အင်မတန်လွယ်ကူသွားတာ တွေ့ရပါလိမ့်မယ်။ အလေးနက်ထားပြောဆိုတဲ့ အသံကို (ကွင်း)အတွင်းမှာ ဖော်ပြမယ်။ စလိုက်ကြရအောင်(အခုမှ စမှာနော်…ထွက်မပြေးကြနဲ့အုံး)

*** အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် တတိယမြန်မာနိုင်ငံတော်ကို မြန်မာသက္ကရာဇ် ၁၁၁၅ခုတွင် တည်ထောင်ခဲ့သည်။ 
ဒီစာကြောင်းမှာဆိုရင် နိုင်ငံကို တည်ထောင်ခဲ့တဲ့ ဦးအောင်ဇေယျကို အဓိကထားပြောဆိုတာ။ သည်/က နောက်ဆက်လိုက်တယ်။ ကတ္တားသံ။
***  မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ ကျူးကျော်စစ် သုံးကြိမ်ပြုပြီး သိမ်းပိုက်ခဲ့သည်။ 
အင်္ဂလိပ်တို့ ကျူးကျော်စစ်ဆင်နွှဲခဲ့တာ ဒီပြင့်နိုင်ငံ မဟုတ်ဘူး၊ မြန်မာနိုင်ငံ။ ကျူးကျော်စစ်ပြုခံရတဲ့ မြန်မာနိုင်ငံကို အဓိကထားပြောဆိုတာ။ စာရေးသူက မြန်မာနိုင်ငံကို အလေးပေးဖော်ပြချင်လို့ ဒီလို ကံသံနဲ့ ဖော်ပြလိုက်တယ်လို့ နားလည်ရမယ်။ ကို/အား နောက်ဆက်လိုက်တယ်။ ကံသံ။

       တစ်ချို့အကြောင်းအရာတွေမှာ ပြုလုပ်သူကို မသိတဲ့အခါ ကံသံ(Passive voice) နဲ့ ပြောမှ အဆင်ပြေတယ်။ ဥပမာ…
*** မနေ့ညက ရန်ကုန်မြို့လယ်မှာ ကျောင်းသားနှစ်ယောက်ကို တိုက်ခိုက်သွားတယ်။
            ကျောင်းသားနှစ်ယောက်ကို အဓိကထားပြောဆိုတာ။ ကို/အား နောက်ဆက်လိုက်တယ်။ ကံသံ။ ဒီစာကြောင်းကိုပဲ ကတ္တားသံနဲ့ ပြောချင်ရင် 
*** "မနေ့ညက ရန်ကုန်မြို့လယ်မှာ တစ်စုံတစ်ယောက်က ကျောင်းသားနှစ်ယောက်ကို တိုက်ခိုက်သွားတယ်" လို့ ပြောရမယ်။
    ပြုမူတဲ့သူဟာ ဘယ်သူလဲလို့ နားလည်ပြီးသားဆိုလို့ရှိရင်လည်း ကံသံနဲ့ပဲ သုံးတယ်။
 ဥပမာ *** ဖိတ်စာတွေကို ဝေပြီးပြီ။
ဒီစာကြောင်းမှာဆိုရင် ဖိတ်စာတွေ ဝေဖို့ ဘယ်သူ တာဝန်ယူထားတယ်ဆိုတာ သိပြီးသားမို့ ဝေတဲ့သူကို မဖော်ပြတော့ဘူး။ ပြောသူနဲ့ ကြားနာသူနှစ်ယောက်လုံးက နားလည်ပြီးသား။ ဖိတ်စာတွေကိုပဲ အဓိကထား ပြောဆိုတဲ့ ကံသံ။ (by ပါရင် Passive voice ဆိုတဲ့ဆရာတွေတောင် တွေ့ဖူးသေးဗျား။ ဒီစာကြောင်းကို အင်္ဂလိပ်လိုရေးရင် ဘယ်မှာ by ပါလို့လဲ)

        ဟုတ်ပြီ…အရပ်ထဲမှာ ကျနော်တို့ နေ့စဉ် ကြားနေကြရတဲ့ ကတ္တားနောက်ဆက်၊ ကံနောက်ဆက်တွေ မြုပ်ပြောတာတွေကို လေ့လာကြည့်ကြရအောင်။ 
*** ထမင်းတော့ ကျက်သွားပြီ။ ဟင်း မချက်ရသေးဘူး။ (ကံသံ)
 ဘယ်သူထမင်းဟင်းချက်တယ်ဆိုတာ အရေးမကြီးဘူး။ ထမင်းနဲ့ ဟင်းကျက်သွားရေးသာ အဓိကထား ပြောဆိုတဲ့ ကံသံဖြစ်တယ်။
*** ကျနော် ထမင်းချက်ပြီးပြီ။ ခင်ဗျား ဟင်းချက်လိုက်တော့။ (ကတ္တားသံ)
   ချက်ရမယ့်အရာဟာ ထမင်းနဲ့ဟင်းဆိုတာ သိပြီးသားဆိုတော့ အဓိက(Subject)နေရာကနေ ဖော်ပြနေစရာ မလိုဘူး။ ဘယ်သူတွေ ချက်ဖို့ တာဝန်ယူရမယ်ဆိုတာသာ ကတ္တားသံသုံးပြီး အဓိကထားဖော်ပြတာ ဖြစ်တယ်။ ဒီလိုစာကြောင်းမျိုးလေးတွေကို ကိုယ်ဟာကိုယ်တည်ဆောက်ကြည့်ပြီး ဘာသံထွက်နေသလဲဆိုတာ သရုပ်ခွဲကြည့်ပါ။

            Active / Passive သင်ခန်းစာသည် အသံကို အဓိက ရှင်းလင်းနားလည်ဖို့ လိုတယ်ဆိုတာကို သဘောပေါက်ပါ။ မြန်မာအသုံးအနှုန်းတွေနဲ့ အသံကို နားလည် သဘောပေါက်သွားပြီဆိုလို့ရှိရင် အင်္ဂလိပ်စာနဲ့ မြန်မာစာ အပြန်အလှန် ကူးပြောင်းဖို့ရာ ဘာမှ မခဲယဉ်းတော့ပါဘူး။ အင်္ဂလိပ်စာက ပိုတောင်လွယ်ပါသေးတယ်။ ဇယားမှာပြထားတဲ့ ပုံစံနဲ့ သင့်တော်ရာကာလကို အသုံးပြုလိုက်ရုံပါပဲ။ ဒီလောက်ဆိုရင် Active / Passive အကြောင်း အတော်လေး တီးမိခေါက်မိသွားပြီလို့ ယူဆပါတယ်။ နောက်လာမယ့် ကျန်နေသေးတဲ့ Tense သင်ခန်းစာတွေမှာ Passive infinitive / Passive gerund စတဲ့ ပုံစံတွေရဲ့ အင်္ဂလိပ်လိုတည်ဆောက်ရေးသားပုံတွေကို ကြားညှက်တင်ပြသွားပါမယ်။ 

                  ဆရာအများစုကြီးက အသံကို အဓိကထားမသင်ကြားဘဲ ကူးပြောင်းပုံ Form တွေပဲ အလွတ်ကျက်မှတ်ခိုင်းနေတာ တွေ့နေရတယ်။ ကျောင်းသားအတွက် အသံကို နားလည်သွားတာနဲ့ Form တွေက ကျွဲကူးရေပါ ဆိုသလို တွေ့ရဖန်များပြီး သဘောပေါက်သွားမှာ သေချာပါတယ်။ ဒါကြောင့် Active voice & Passive voice ကို သင်ကြားတဲ့ဆရာက မြန်မာလိုချဉ်ကပ်ပြီး ကံသံ၊ ကတ္တားသံတွေကို သဘောပေါက်လာအောင် သင်ပေးရမှာ ဖြစ်သလို စာသင်သားကလည်း ၎င်းအသံတွေကို ကွဲကွဲပြားပြား သိလာအောင် အားထုတ်ကြရမယ်။ နောက်တစ်ချက်က မြန်မာလိုချဉ်းကပ် သင်ကြားလိုက်ရင် Active / Passive ဆိုတာ ၇တန်းမှ စသင်ရမယ်၊ ၈တန်းမှ စသင်ရမယ် လို့ သတ်မှတ်နေစရာ မလိုပါဘူး။ မြန်မာဝါကျတည်ဆောက်ပုံကို စတင်ရေးသားတတ်တဲ့ အရွယ်မှာ စသင်လို့ ရပါတယ်။ အသံကိုနားလည်သွားပြီဆိုရင် Active / Passive က ကြောက်စရာကြီးမဟုတ်တော့ဘဲ ပျင်းစရာတောင် ကောင်းသွားမှာပါ။

      သင်ကြားသူဆရာများကို နောက်ထပ်အကြံပေးချင်တာက ဆရာလုပ်သူဟာ မိမိရဲ့စာသင်သားတို့ကို Verb to Be ဆိုတဲ့ ကြိယာကို စကိုင်လိုက်တာနဲ့ Be ရဲ့ နောက်လာအုံးမယ့် ဝါကျစာကြောင်းမှာ နေရာယူပုံတွေ ကြိုတင်ပြောပြထားရမယ်။
ဥပမာ။ ။
စာကြောင်းမှာ Be ဆိုတဲ့ ကြိယာဟာ
 (၁)သူကိုယ်တိုင် Main Verb အနေနဲ့ ဆောင်ရွက်တယ်။
 (၂)Continuous form (Be + Ving) အတွက် အကူကြိယာ အနေနဲ့ ဆောင်ရွက်တယ်။
 (၃)Adj ကို Be နဲ့ ရှေ့ကနေ ပေါင်းထည့်ကူညီပြီး ကြိယာဖြစ်ခိုင်းတယ်။
 (၄)Passive voice ဖြစ်ဖို့ရာ Be ဆိုတဲ့ အကူကြိယာတွေထဲက Tense အတွက် သင့်တော်ရာပုံစံ(is/are/am စသည်)ကို Past Participle (V3) နဲ့ ပေါင်းစပ်ပေးရမယ်။
 လို့ စောစောကတည်းက ခြုံငုံသရုပ်ခွဲ သင်ကြားပေးခဲ့ရမယ်။ ဒါမှသာ ကြိယာတစ်လုံးတွေ့လိုက်ရင် ပုံစံသုံးမျိုး(သို့) လေးမျိုး မှတ်သားရမယ်ဆိုတာ ကျောင်းသားက သဘောပေါက်သွားပြီး (မြန်မာကျောင်းသားများအခေါ် V1/V2/V3 တွေ)အလွတ်မှတ်ခိုင်းခြင်းရဲ့ ရည်ရွယ်ချက်ကို နားလည်သွားမှာ ဖြစ်တယ်။ Analytical Teaching Method ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာ သင်ကြားနည်းပါပဲ။

                ကဲ…ဒီလောက်ဆိုရင် online ကနေ မိတ်ဆွေတို့ကို ဆရာကြီးလုပ်လို့ တော်တော်အားရသွားပါပြီ။ ဒါပေမဲ့ ဆရာကြီးလုပ်နေတယ်လို့တော့ မမြင်စေချင်ပါဘူး၊ မိတ်ဆွေတို့ မျက်စိလျှံနေလို့ မမြင်လိုက်တဲ့ သဘောတရားလေးကို လမ်းပြပေးတာပါ။ လှေကားထစ်လေး ခင်းပေးတာပါ။ ကျနော် ခင်းပေးလိုက်တဲ့ လှေကားထစ်လေးတွေကို တက်နင်းသွားပြီး ကျနော့်ထက်များစွာ အဆင့်မြင့်တဲ့ ဆိုင်ရာအောင်မြင်မှု ပန်းတိုင်များဆီသို့ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဒီ post လေးကို အဆုံးသတ်လိုက်ပါတယ်။

No comments:

Post a Comment